I. C. E ကျပ်သိန်းပေါင်း ၂၅၀၀၀ ကျော်တန်ဖိုးရှိ မူးယစ်ဆေးဝါးနှင့်ယာဉ်တစ်စီးကို ပိုင်ရှင်မဲ့အဖြစ် ဖမ်းမိ
---— ဒါးဇ(အကုန်သိသတင်းဌာန) —----
ရှမ်းပြည်နယ်၊ ကျိုင်းတုံမြို့နယ်တွင် ကျပ်သိန်းပေါင်း ၂ သောင်းခွဲကျော်တင်ဆောင်လာသော မူးယစ်ဆေးဝါးပါယာဉ်တစ်စီးကို စစ်ဆေးခဲ့ရာမှ ယာဉ်ပေါ်ပါနှစ်ဦး ထွက်ပြေးသွားခဲ့သည့်အတွက် ပိုင်ရှင်မဲ့အဖြစ် ဖမ်းဆီးခဲ့ရကြောင်း ရဲတပ်ဖွဲ့ထံမှ သိရသည်။
ဖြစ်စဉ်မှာ စက်တင်ဘာလ ၂၃ ရက် နံနက် ၃ နာရီခန့်က ကတမြို့၊ ကတ်ဖအုပ်စု၊ ကတ်ဖကျေးရွာနဲ့ နောင်ငင်ကျေးရွာကြားက ကတ-မိုင်းလားသွားကားလမ်းပေါ်မှာပူးပေါင်းတပ်ဖွဲ့ဝင်များက ရှောင်တခင်စစ်ဆေးရေးဝင်နေခဲ့ကြရာ၌ မသင်္ကာဖွယ်ရာမောင်းနှင်လာသော ယာဉ်အမှတ်- SHN-7K/4792၊ Fortuner အမျိုးအစား(အနက်ရောင်)ယာဉ်တစ်စီးကိုတွေ့ရှိခဲ့ကြသဖြင့် စစ်ဆေးရန်အလို့ငှာ ဓာတ်မီးဖြင့်အချက်ပြ၍ တားဆီးခဲ့ကြသည်။
ထို့သို့တားဆီးနေစဉ်တွင်ပင် အဆိုပါယာဉ်မှာ ရပ်တန့်ပေးခြင်းမရှိဘဲ စစ်ဆေးရေးတပ်ဖွဲ့ဝင်များနှင့်ပေ ၇၀ ခန့်အကွာမှသည် နောက်ထပ်ပေ ၁၀၀ခန့်အကွာအဝေးအထိ နောက်ပြန်ဆုတ်၍မောင်းနှင်ခဲ့သည့်အတွက် ရဲတပ်ဖွဲ့ကထပ်ကြပ်မကွာလိုက်ဖမ်းခဲ့ကြသည်။ သို့ရာတွင် ယာဉ်ပေါ်ပါအမျိုးသားနှစ်ဦးသည် ယာဉ်ကိုပစ်ထားခဲ့ကာစပါးခင်းတောထဲသို့ဆင်းပြေးတိုးဝင်ထွက်ပြေးလွတ်မြောက်သွားခဲ့ကြကြောင်း ရဲတပ်ဖွဲ့ထံမှ သိရသည်။
ထို့ကြောင့် အသိသက်သေများနှင့်အတူယာဉ်ပေါ်ပါပစ္စည်းများကိုစစ်ဆေးကြည့်ရှုရာ အနောက်ခန်း၌တင်ဆောင်လာသည့် တရုတ်စာတမ်းပါအဖြူရောင်ပီနံအိတ်(၄)အိတ်တွေ့ရှိပြီး အတွင်းသို့ဖောက်ကြည့်စစ်ဆေးခဲ့ပြန်ရာ၌ GUAN YIN WANG စာတမ်းနှင့် တရုတ်စာတမ်းပါ လက်ဖက်ခြောက်အိတ်ဖြင့်ထုတ်ပိုးထားသော ICE ဟုယူဆရသော အဖြူရောင်ပုံဆောင်ခဲ ၁ ကီလိုဂရမ်အလေးချိန်ရှိသည့် အထုတ်(ပီနံအိတ် ၁ အိတ်လျှင် ၂၅ ထုတ်၊ ၄ အိတ် ၁၀၀ ထုတ်) ၁၀၀ ကီလိုဂရမ်အလေးချိန်အားတွေ့ရှိသိမ်းဆည်းရမိခဲ့သည်ဟု ရဲတပ်ဖွဲ့ထံမှ သိရသည်။
တွေ့ရှိသိမ်းဆည်းရသော ICE မူးယစ်ဆေးဝါးများ၏ တန်ဖိုးငွေမှာ ကာလပေါက်ဈေး ၁ ကီလိုဂရမ်လျှင် သိန်း ၂၅၀ကျပ်ဖြစ်သည့်အတွက် ၁၀၀ ကီလိုဂရမ်လျှင် ကျပ်သိန်းပေါင်း ၂၅၀၀၀ ရှိကြောင်းတွက်ချက်မှုအရသိရသည်။ ထို့ပြင် ယာဉ်၏အလယ်ခုံ၌ အပြာနုရောင်ပိုက်ဆံအိတ်ကိုတွေ့ရှိရပြီးယင်းအတွင်းတွင် မြန်မာ-ထိုင်း နယ်စပ်ဖြတ်သန်းသွားလာခွင့် လက်မှတ်နှင့် အိုက်လုတ် ၂၅ နှစ်အမည်ပါလိုင်စင်ကဒ်တစ်ခု၊ ကျပ်ငွေအရော ၂ သောင်းကျော်ကိုလည်းတွေ့ရှိခဲ့သည့်အတွက် ရှာဖွေပုံစံဖြင့် သိမ်းဆည်းခဲ့သည်။
ထို့ကြောင့် ပြစ်မှုကျူးလွန်သောထွက်ပြေးမူးယစ်တရားခံနှစ်ဦးကို ကျိုင်းတုံမြို့မရဲစခန်းက မူးယစ်(ပ)၁၉၂/၂၁၀၈၊ မူးယစ်ဆေးဝါးနဲ့စိတ်ကိုပြောင်းလဲစေသေဆေးဝါးများဆိုင်ရာပုဒ်မ-၁၉(က)/၂၀(က)/၂၁ ဖြင့်အမှုဖွင့်ကာ ဖမ်းဆီးရမိရေးအတွက် စီစဉ်ဆောင်ရွက်လျက်ရှိကြောင်း ရဲတပ်ဖွဲ့ထံမှ သိရသည်။