ကသာမြို့ ဒေသထွက် ဥပါသော ဆောင်းပုရစ်များ အရောင်းအဝယ် စတင်ပြုလုပ်နေ
ကသာ အောက်တိုဘာ ၅
စစ်ကိုင်းတိုင်း ဒေသကြီး ကသာမြို့၌ အောက်တိုဘာ လဆန်းပိုင်းမှ စတင်၍ ဒေသထွက် ဥပါသော ဆောင်းပုရစ်များကို တင်ပို့ကုန်အဖြစ် အရောင်းအဝယ် စတင်ပြုလုပ်နေပြီ ဖြစ်ကြောင်း ဒေသတွင်း ပုရစ်ရောင်းဝယ်ရေး ဒိုင်များမှ သိရသည်။ ကသာမြို့နယ်ဒေသထွက် ပုရစ်များမှာ သဘာဝအတိုင်း မီးအလင်းရောင်ဖြင့်သာ ဖမ်းဆီးခြင်းဖြစ်သဖြင့် စားသုံးသူများပြီး တစ်နှစ်လျှင်နှစ်ကြိမ်ထွက်၍ အောက်တိုဘာလတွင် ထွက်သော ဥပါသည့်ပုရစ် (ဆောင်းပုရစ်) နှင့် ဧပြီလတွင်ထွက်သော ဥမပါပုရစ် (မိုးပုရစ်) နှစ်မျိုးထွက်ရှိကြောင်း သိရသည်။
ပုရစ်ဈေးကွက် ပေါ်ဦးစအချိန် ပေါက်ဈေးမှာ ဒိုင်ဖွင့်ဝယ်ဈေး အကောင် ၁ဝဝ လျှင်ငွေကျပ် ၅ဝဝဝ မှ ၅၅ဝဝ ကြား၊ လက်လီထိုင်ရောင်းဈေး အကောင် ၁ဝဝ လျှင် ငွေကျပ် ၇ဝဝဝ၊ အသင့်စားကြော်ပြီး အကောင် ၁ဝဝ ပါ တစ်ဘူးလျှင် ငွေကျပ် ၁ဝဝဝဝ နှင့် နယ်ဝေးအော်ဒါ အိမ်အရောက်ပို့စနစ် ငွေကျပ် ၁၅ဝဝဝ ဈေးပေါက်နေကြောင်း သိရသည်။
''ဒိုင်ကို ပုရစ်ထောင်သူတွေ လာရောင်းရင် ခုက ဒီဇယ်ဈေးနဲ့ကိုက်အောင် ဈေးကိုချိန်ပြီး ကြည့်ဝယ်ရတယ်။ ပုရစ်ဖမ်းဖို့ မီးစက်ထွန်းရ တာကြောင့်ပါ။ ပို့တဲ့အခါမှာလည်း ကားခက တစ်ခြင်းကို ငွေကျပ် ၆ဝဝဝ ရှိတယ်။ အလုပ်သမားခ၊ တန်ဆာခနဲ့ဆို ကုန်ကျစရိတ်က ဒီနှစ်များလာတာပေါ့။ ထိုင်းဝယ်လက်တော့ စောသေးလို့ မရောက်သေးဘူး။ စားသုံးသူတွေ အတွက် အဓိက တင်ပို့နေရတုန်းပါ''ဟု ဝေယံပုရစ် ရောင်းဝယ်ရေး ဒိုင်ပိုင်ရှင် ဒေါ်ဇာဇာက ပြောသည်။
ကသာမြို့ဒေသထွက် ပုရစ်များမှာ မိုးတားကြီး၊ မိုးတားလေး၊ ကျောက်ကြီး၊ ရေနီ၊ မင်းလယ်၊ မင်္ဂလာသုခ၊ သာစည်ကျေးရွာ တို့တွင် ပုရစ်ကို အများဆုံး ဖမ်းဆီးကြပြီး မန္တလေးမြို့သို့ အဓိက တင်ပို့ရောင်းချကြကြောင်း သိရသည်။