တောင်ကိုရီးယား သမ္မတဟောင်း လီမြောင်ဘတ်ကို ထောင်ဒဏ် ၁၅ နှစ်ချမှတ် ဆိုး အောက်တိုဘာ ၅ တောင်ကိုရီးယား သမ္မတဟောင်း လီမြောင်ဘတ်ကို အကျင့်ပျက်ခြစားမှုဖြင့် အောက်တိုဘာ ၅ ရက်တွင် ဆိုးဗဟိုခရိုင် တရားရုံးက ထောင်ဒဏ် ၁၅ နှစ်ချမှတ်ပြီး ၎င်းသည် အကျင့်ပျက် ခြစားမှု စွဲချက်များနှင့် ဆက်နွှယ်၍ ပြစ်ဒဏ်ချမှတ်ခံရသည့် နိုင်ငံရေးနှင့် စီးပွားရေး ခေါင်းဆောင်များအနက် နောက်ဆုံးတစ်ဦး ဖြစ်လာကြောင်း သိရသည်။ ၂ဝဝ၈ ခုနှစ်မှ ၂ဝ၁၃ ခုနှစ်အထိ သမ္မတတာဝန် ထမ်းဆောင်ခဲ့သူ လီမြောင်ဘတ်သည် ထောင်ဒဏ်ချမှတ်ခံရသည့် လေးဦးမြောက် သမ္မတဟောင်းဖြစ်ပြီး ၎င်း၏ရာထူးကို ဆက်ခံသူ ပါ့ဂွမ်ဟေးကလည်း အကျင့်ပျက်ခြစားမှု စွဲချက်များဖြင့် ထောင်ဒဏ်များ ချမှတ်ခံထားရကြောင်း သိရသည်။ လီမြောင်ဘတ်ကို ဆမ်ဆောင်းနှင့် ၎င်း၏ ကိုယ်ပိုင်ထောက်လှမ်းရေး ဌာနကဲ့သို့ အဖွဲ့အစည်း များမှ အမေရိကန်ဒေါ်လာ ၁ဝ သန်းဝန်းကျင်ကို တရားမဝင် လက်ခံရယူမှု အပါအဝင် ၎င်း၏အစ်ကိုဦးဆောင်သော ပုဂ္ဂလိက မော်တော်ကားစက် ပစ္စည်းထုတ်လုပ်ရေး ကုမ္ပဏီမှ ဝမ် ၂၄ ဒသမ ၆ ဘီလီယံကို အလွဲသုံးစား လုပ်မှုတို့အတွက် အပြစ်ရှိကြောင်း တရားရုံးက တွေ့ရှိခဲ့သည်။ လီမြောင်ဘတ်ကို ထောင်ဒဏ် ၁၅ နှစ်အပြင် ဒဏ်ငွေ ဝမ် ၁၃ ဘီလီယံ ပေးဆောင်ရန် တရားရုံးက အမိန့်ချမှတ်ထားပြီး အဆိုပါ စွဲချက်များကြောင့် အစိုးရ ခေါင်းဆောင်များနှင့် စီးပွားရေး လုပ်ငန်းရှင်များအကြား ဆက်ဆံရေး နွေးထွေးမှုအပေါ် စိုးရိမ်ပူပန်မှုများ မြင့်တက်စေကြောင်း သိရသည်။ ယင်းစွဲချက်များသည် သမ္မတရုံး၏ သိက္ခာနှင့် တရားမျှတမှုတို့ကို ချိုးဖောက်သည့်အပြင် ယုံကြည်မှုကိုပါ လျော့ပါးစေသည့် အတွက် သမ္မတနှင့် နိုင်ငံတော် အကြီးအကဲတို့၏ အဆိုပါ လုပ်ရပ်များကို ပြင်းပြင်းထန်ထန် ရှုတ်ချနိုင်ကြောင်း တရားသူကြီး ချန်ကျီဆန်က ပြောသည်။